မကွေးမြို့မှာ စက်သုံးဆီဈေးမြင့်တက်လာတာနဲ့အတူ စက်သုံးဆီဝယ်ယူရာမှာ တန်းစီစနစ်နဲ့ဝယ်ယူနေရတာ ကြောင့် အိုးဝေစီးခနှုန်းထားတွေ အနည်းငယ်ပြောင်းလဲလာပါတယ်။ ဈေးနှုန်းပြောင်းလဲလိုက်လို့ အိုးဝေစီးနင်းသူ နည်းပါးလာတာကြောင့် အိုးဝေပြေးဆွဲရမှု နည်းလာတယ်လို့ အိုးဝေမောင်းနှင်သူတွေက ပြောပါတယ်။

မကွေးမြိုမှာ ခုရက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေကတော့ 92 တစ်လီတာကို ၃၇၃၀ ကျပ်ဝန်းကျင်၊ 95 တစ်လီတာ ကို ၃၉၇၀ ကျပ်ဝန်းကျင်၊ ဒီဇယ်တစ်လီတာကို ၄၅၀၀ ကနေ ၄၉၀၀ ကျပ်ဝန်းကျင်ဈေးရှိနေပြီး အိုးဝေတစ်စီးကို တစ်နေ့ ဆီ ၁ သောင်းဖိုးသာ ဝယ်ယူခွင့်ရှိပါတယ်။သီးနှံပေါ်ချိန်၊ အဝေးသင်ကျောင်းသားတွေ တက်ချိန်နဲ့ မြသလွန်ဘုရားပွဲတော်အချိန်တွေမှာ အဆင်ပြေပြီး အခုလိုနွေရာသီမှာတော့ ခရီးသည် ရရှိမှုနည်းပါးတယ်လို့ ဆိုပါတယ်။အခုကာလက စက်သုံးဆီဈေးမြင့်တက်နေသလို ဝယ်ယူရာမှာလည်း အချိန်ပေးပြီး ဝယ်ယူနေရလို့ အိုးဝေပြေးဆွဲ သူတွေ အခက်ကြုံနေရတယ်လို မကွေးမြိုက အိုးဝေမောင်းနှင်သူဦးဘိုလေးက ပြောပါတယ်။

အိုးဝေအငှားမောင်းနှင်သူတွေဟာ တစ်ရက်ကို အုံနာကြေး ၂ သောင်းကျပ်နဲ့ ဆီဖိုးတစ်သောင်းလောက်နုတ်ပြီး နေ့တွက်ခ တစ်သောင်းခွဲ နှစ်သောင်းလောက်ကျန်အောင် အတော်ကြိုးစားနေရတယ်လို့ ဆိုပါတယ်။ ခရီးသည် ရရှိမှု နည်းပါးတဲ့ကာလတွေမှာဆိုရင် အုံနာကြေး၊ ဆီဖိုးအတွက် အိတ်စိုက်ရတာတွေရှိပေမဲ့ အခြား အလုပ်အကိုင် မလွယ်ကူတာကြောင့် လုပ်ကိုင်ကြရတာပါ။ မကွေးမြို့တွင်း အိုးဝေစီးနင်းခဈေးနှုန်းတွေကတော့ အနီးဆုံး (၃၀၀၀) ကျပ်ရှိပြီး နေရာအနီးအဝေးပေါ်မှုတည်ကာ ဈေးနှုန်းအမျိုးမျိုး ရှိနေတာ ဖြစ်ပါတယ်။




