မကွေးတိုင်းဒေသကြီးမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade 12 တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၁၁ ရက်က စတင် ကျင်းပရာ စာမေးပွဲ ဝင်ရောက်ဖြေဆိုသူဟာ အရင်နှစ်ထက် များလာခဲ့တယ်လို့ တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာကျော်စိုးနိုင်က ပြောပါတယ်။အခုတက္ကသိုလ်စာမေးပွဲကိုတော့ မတ် ၁၁ ရက်မှာ မြန်မာစာ၊ မတ် ၁၂ ရက်မှာ အင်္ဂလိပ်စာ၊ မတ် ၁၃ ရက်မှာ သင်္ချာ၊ မတ် ၁၄ ရက်မှာ ဓာတုဗေဒ/ပထဝီဝင်၊ မတ် ၁၆ ရက်မှာ ရူပဗေဒ/သမိုင်း နဲ့ မတ် ၁၇ ရက်မှာ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မကွေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၅၂ ခု ဖွင့်လှစ်ပြီး ဝင်ရောက်ဖြေဆို သူ (၂၂၀၀၀)ကျော် ရှိကာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲကိုတော့ စာစစ်ဌာန ၅ ခု ဖွင့်လှစ်ထား ပြီး ဝင်ရောက်ဖြေဆိုသူ အယောက်(၃၀၀)ကျော် ရှိပါတယ်။အရင်နှစ်ထက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူဦးရေ များလာသလို ကျောင်းသား၊ ကျောင်းသူတွေ စိတ်အေး ချမ်းစွာ ဖြေဆိုနိုင်ရေး၊ သွားလာရေး အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ထားတယ်လို့ မကွေးတိုင်းဒေသ ကြီးပညာရေးမှူး ဒေါက်တာကျော်စိုးနိုင်က ပြောပါတယ်။

အဲဒီအပြင် မကွေးတိုင်းဒေသကြီးအတွင်းက အခြေခံပညာကျောင်းတွေမှာ ပြုလုပ်တဲ့ စာဖြေဌာနတွေ သာမက သက်ဆိုင်ရာ ဆေးရုံတွေမှာလည်း အရေးပေါ် စာဖြေဌာနတွေ ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့ ကျန်းမာရေးမှူးနဲ့ ချိတ်ဆက်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။မကွေးတိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅၁ ခု ဖွင့်လှစ်ပြီး ဝင်ရောက်ဖြေဆိုသူဟာ (၁၈၀၀၀)ကျော်သာ ရှိခဲ့တာဖြစ်ပါတယ်။




