လေကြောင်းခရီးစဉ်ပျံသန်းမှု ရပ်နားထားတာကြောင့် ဒူဘိုင်းမှာ ပိတ်မိနေတဲ့ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်နဲ့ ရူဘလက်ဗ်တို့ဟာ အင်္ဂါညက ပြုလုပ်တဲ့ အင်ဒီယန်းဝဲလ်ပြိုင်ပွဲအကြို သရုပ်ပြပွဲကို လွဲချော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာကျင်းပတဲ့ ဒူဘိုင်းချန်ပီယံရှစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် မက်ဗီဒက်ဗ်နဲ့ ရူဘလက်ဗ်တို့ဟာ အခုတစ်ပတ်အတွင်း ဒူဘိုင်းမှာ ပိတ်မိခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားမှာကျင်းပတဲ့ အင်ဒီယန်းဝဲလ်ပြိုင်ပွဲအကြို သရုပ်ပြပွဲမှာ မက်ဗီဒက်ဗ်က ရုရှားနိုင်ငံသူ အန်ဒရီဗာ၊ ရူဘလက်ဗ်က အမေရိကန်နိုင်ငံသူ အန်နီစီမိုဗာတို့နဲ့ နှစ်ယောက်တွဲပွဲတွေ ကစားဖို့အတွက် စီစဉ်ထားတာ ဖြစ်ပါ တယ်။

ဒါပေမယ့် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုကို တုန့်ပြန်တဲ့အနေနဲ့ ပင်လယ်ကွေ့နိုင်ငံတွေအပေါ် ခြိမ်းခြောက်မှုတွေရှိလာခဲ့အပြီးမှာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ လေကြောင်းခရီးစဉ် တွေကို ရပ်နားထားလိုက်ရတာဖြစ်ပြီးမက်ဗီဒက်ဗ်နဲ့ ရူဘလက်ဗ်တို့နေရာ အခြား တင်းနစ်သမား ၂ ယောက် ကို အစားထိုပြီး သရုပ်ပြပွဲကို ပြုလုပ်ခဲ့ရပါတယ်။

သောကြာနေ့စတင်မယ့် အင်ဒီယန်းဝဲလ်ပြိုင်ပွဲမှာ မက်ဗီဒက်ဗ်က ဆီဒင်အဆင့် ၁၁ နဲ့ ရူဘလက်ဗ်က ဆီဒင်အဆင့် ၁၇ ရထားပေမယ့် ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ အခုချိန်ထိ မသေချာ သေးဘူးလို့ သိရပါတယ်။




