မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမမှာ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ကျင်းပပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိဖို့အတွက် ချင်းတိုင်းရင်းသားတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဥ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်း အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ချင်းအမျိုးသားနေ့ကို ကျင်းပတာဟာ ချင်းတိုင်းရင်းသားတို့ရဲ့ လူနေမှုဘဝမြင့်အောင်၊ ချင်းလူမျိုးတို့ရဲ့သမိုင်း ကြောင်းကို သိရှိအောင် အခုလို အခမ်းအနားတွေ ကျင်းပတာဖြစ်ပြီး ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ စာပေတွေ မပျောက်ပျက်အောင် ထိမ်းသိမ်းဖို့ လုပ်ဆောင်နေတယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးထွန်းခင်က ပြောပါတယ်။

(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က ချင်းတိုင်းရင်းသားနေ့ ဖြစ်ပေါ်လာပုံကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားလူငယ်တွေက ချင်းရိုးရာအကအလှတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး ချင်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တိုင်းအဆင့်တာဝန်ရှိသူတွေနဲ့ မင်းဘူး၊ စေတုတ္တရာ၊ ငဖဲနဲ့ မင်းတုန်းမြို့နယ်တို့က ချင်းတိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။




