ကိုရီးယားပြည်သူနဲ့ မြန်မာပြည်သူတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုတဲ့ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့မှုအပေါ် ကိုရီးယားပြည်သူတွေက ဂုဏ်ယူဝမ်းမြောက်ကြောင်း ရန်ကုန်မြို့ရှိ ကိုရီးယားသံရုံးက ဖေဖော်ဝါရီ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားကတစ်ဆင့် မြန်မာပြည်သူတို့ရဲ့ လူမှုဘဝတွေ ပိုမိုအဆင်ပြေချောမွေ့လာပြီး ဒေသအသီးသီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာနိုင်မဲ့ အခွင့်အလမ်းကောင်းတွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုရီးယားနိုင်ငံအနေနဲ့လည်း နောင်အနာဂတ်မှာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေးပိုမိုခိုင်မြဲစေဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြစ်ကိုဖြတ်ပြီး ရန်ကုန်မြို့နဲ့ ဒလမြို့တို့ကို ဆက်သွယ်ထားတဲ့ မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ၆ရက်က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။




