အခြေခံပညာအဆင့် ပြိုင်ပွဲဝင် ကျောင်းသား ၆၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မဲ့ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)မှာ လာမဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ် ၁ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။အဲဒီပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနဲ့ အာကာသပြတိုက်(ရန်ကုန်)တို့က ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ဆုရရှိသူတွေကို ဆုတံဆိပ်နဲ့ဂုဏ်ပြုလက်မှတ်တွေ ချီးမြှင့်သွားမဲ့အပြင် ပါဝင်ယှဉ်ပြိုင်သူ အားလုံးကို certificate နဲ့ အမှတ်တရလက်ဆောင်တွေ ပေးအပ်သွားမယ်လို့ သိရပါတယ်။ဆုချီးမြှင့်မှုအနေနဲ့ အခြေခံပညာမူလတန်းအဆင့် ဆုရရှိသူတွေကို ပထမဆုကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၄ သိန်း၊ တတိယဆုကျပ် ၃ သိန်း၊ အထူးဆုကျပ် ၂ သိန်းစီနဲ့ ၁၀ ဆု၊ အခြေခံပညာ အလယ်တန်းအဆင့်မှာ ပထမဆု ကျပ် ၇ သိန်း၊ ဒုတိယဆု ကျပ် ၆ သိန်း၊ တတိယဆုကျပ် ၅ သိန်း၊ အထူးဆုကျပ် ၃ သိန်းစီနဲ့ (၁၀) ဆု၊ အခြေခံပညာ အထက်တန်းအဆင့် ဆုရရှိသူတွေကို ပထမဆုကျပ် ၁၀ သိန်း၊ ဒုတိယဆုကျပ် ၉ သိန်း၊ တတိယဆုကျပ် ၈ သိန်း၊ အထူးဆုကျပ် ၅ သိန်းစီ နဲ့ ၁၀ ဆု ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှာ အခြေခံပညာအထက်တန်းအဆင့်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ အခြေခံပညာ မူလ တန်းအဆင့်နဲ့ မတ်လ ၁ ရက်မှာ အခြေခံပညာအလယ်တန်းအဆင့်တို့က ကျောင်းသားတွေ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၄ ရက်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ပန်းချီပြိုင်ပွဲနဲ့ ပိုစတာပြိုင်ပွဲကို မနက် ၈ နာရီကနေ ၁၁ နာရီအထိ၊ ကာတွန်းပြိုင်ပွဲကို မနက် ၈ နာရီကနေ ၁၀ နာရီအထိ သတ်မှတ်ထားပြီး အခြေခံပညာမူလတန်းအဆင့်အတွက် အာကာသသူရဲကောင်း၊ အခြေခံပညာ အလယ်တန်းဆင့်အတွက် စူးစမ်းလေ့လာ အာကာသကမ္ဘာနဲ့ အခြေခံပညာအထက်တန်းအဆင့်အတွက် အနာဂတ် အာကာသနည်းပညာခေါင်းစဉ်တွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ပြိုင်ပွဲဝင်လိုတဲ့ ကျောင်းသားတွေအနေနဲ့ သက်ဆိုင်ရာ ကျောင်းတွေကတစ်ဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင် ပြီး ဖေဖော်ဝါရီ ၁၉ ရက်မှာ နောက်ဆုံးထားပြီး လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။




