ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်အရွယ် တောင်ပံကစားသမား ယာမယ်ဟာ ၁၉၁၅ ခုနှစ်ထဲက တည်ရှိခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ စံချိန်တစ်ခုကို ချိုးဖျက်ခဲ့ပြီး စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။ စနေညက မာယော့ကာကို ၃ ဂိုး ပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ယာမယ်က သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီ သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝ ပြိုင်ပွဲစုံသွင်းဂိုး ၄၀ ပြည့်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဒီသွင်းဂိုးကြောင့်ပဲ အသက် ၁၈ နှစ်အရွယ် ယာမယ်ဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၄၀ ပြည့်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။ ယာမယ်မတိုင်ခင် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူက ပေါ်လင်ဟို ဖြစ်ပြီး ၁၉၁၅ ခုနှစ်တုန်းက အသက် ၁၉ နှစ်အရွယ်မှာ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယာမယ်က အခုထက်ပိုပြီး တိုးတက်လာဖို့ အလားအလာအများကြီးရှိသလို လုံလောက်တဲ့ တည်ငြိမ်ရင့်ကျက်မှုကိုလည်း ရရှိထားပြီးဆိုတာ ယုံကြည်ပါတယ်လို့ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က သုံးသပ်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်းမှာ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုက အသက် ၂၀ ကျော်မှ ပြိုင်ပွဲစုံသွင်းဂိုး ၄၀ ပြည့်ခဲ့သလို အသင်းရဲ့ ဂန္ထဝင် ကစားသမား မက်ဆီဆိုရင်လည်း အသက် ၂၀ ကျော်မှ ပြိုင်ပွဲစုံသွင်းဂိုး ၄၀ ပြည့်ထားခဲ့တာဖြစ်ပါတယ်။ ယာမယ်ကတော့ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ၂၀၂၃ နောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၃၆ ပွဲမှာ သွင်းဂိုး ၄၀ ပြည့်ထားခဲ့တာဖြစ်ပါတယ်။




