မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့ကို နိုင်ငံတော်က အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေတဲ့အတွက် တရားရုံးတွေအနေနဲ့ တရားစီရင်ရာမှာ ဥပဒေနဲ့အညီ ထိရောက်ဟန့်တားတဲ့ပြစ်ဒဏ်တွေ ချမှတ်ဆောင်ရွက်ကြဖို့လိုတယ်လို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပြောပါတယ်။

ဖေဖော်ဝါရီ၅ရက် မနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ပြုလုပ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတရားရုံးတွေ၊ ခရိုင်တရားရုံးတွေရဲ့ အကြိမ်၃၀မြောက်ညှိနှိုင်းအစည်းအဝေးမှာ ဦးသာဌေးက အခုလိုပြောကြားလိုက်တာပါ။မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် အဲဒီဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီ တရားရုံးအားလုံးက လိုက်နာစစ်ဆေးစီရင်ကြဖို့လိုတယ်လို့လည်း ဦးသာဌေးက ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇန်နဝါရီ၁ရက်ကနေ ဒီဇင်ဘာ၃၁ရက်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ လက်အောက်တရားရုံးအဆင့်ဆင့်တို့မှာ အမှုစစ်ဆေးပြီးပြတ်မှုရာခိုင်နှုန်းအနေနဲ့ ၁၀၃ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။




