ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ သုတေသနလုပ်ငန်းတွေပြုလုပ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဖေဖော်ဝါရီ၅ရက်က ရန်ကုန်တက္ကသိုလ် သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာမှာကျင်းပတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၏ ၂၅ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့်သိပ္ပံပွဲတော်(၂၀၂၆)ဖွင့်ပွဲအခမ်းအနားမှာ အခုလိုပြောကြားလိုက်တာပါ။

သုတေသီတွေရဲ့ ပညာရပ်ဆိုင်ရာ ဖန်တီးမှုစွမ်းဆောင်ရည်တွေဟာ နိုင်ငံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မဲ့ စစ်မှန်တဲ့အင်အားတစ်ရပ်ဖြစ်ပြီး ဝိဇ္ဇာနဲ့သိပ္ပံ အသိပညာရှင် အတတ်ပညာရှင်တွေအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံ့အကျိုးစီးပွားကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သုတေသနဟာ တက္ကသိုလ်တွေရဲ့ အသက်သွေးကြောဖြစ်တာကြောင့် နိုင်ငံတော်အနေနဲ့ တက္ကသိုလ်တွေအတွက် သုတေသနအသုံးစရိတ်တွေ၊ သုတေသနဓာတ်ခွဲခန်းသုံးပစ္စည်းတွေ၊ သုတေသနစင်တာတွေ ဖြည့်ဆည်းပံ့ပိုးပေးနေတယ်လို့ ပြောပါတယ်။

ဉာဏပဲ့ကိုင်ရှင်တွေဖြစ်တဲ့ သုတေသီတွေအနေနဲ့ နိုင်ငံတကာမှာ မိမိတို့နိုင်ငံရဲ့ ပုံရိပ်ကောင်းကို ထင်ဟပ်အောင် စွမ်းဆောင်ကြဖို့၊ မိမိတို့တတ်ကျွမ်းတဲ့ အသိပညာ အတတ်ပညာနဲ့ နိုင်ငံတော်ရဲ့ကဏ္ဍအသီးသီးမှာ တစ်တပ်တစ်အား ပါဝင်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၏ ၂၅ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့်သိပ္ပံပွဲတော်(၂၀၂၆)ကို ဖေဖော်ဝါရီ၇ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ညီလာခံမှာ ပြည်တွင်းပြည်ပက စာတမ်းရှင်တွေရဲ့ ဆွေးနွေးပွဲတွေပါဝင်သလို ဘာသာရပ်အလိုက် အဆင့်မီတဲ့ သုတေသနစာတမ်းတွေကို ဂျာနယ်တွေအဖြစ် ထုတ်ဝေဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပါတယ်။




