တံကောက်ကြောဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ်ရဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်ကို ရီးရဲလ်အသင်း စောင့်ကြည့်နေပြီး အင်္ဂလန်အသင်းကလည်း ဘယ်လင်ဟမ်သတင်းကို စိုးရိမ်တကြီးစောင့်ဆိုင်းနေပါတယ်။

အသက် ၂၂ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူဟာ ဗယ်လီကာနိုအသင်းကို အနိုင်ရတဲ့ပွဲရဲ့ ပွဲချိန် ၁၀ မိနစ်မှာပဲ ဒဏ်ရာရခဲ့တာဖြစ်ပြီး အသင်းဖော် ဘရာဟင်ဒီယက်ဇ်နဲ့ လူစားလဲလိုက်ရတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းက မတ်လ ၂၇ ရက်နေ့မှာ ဥရုဂွေး၊ မတ်လ ၃၁ ရက်နေ့မှာ ဂျပန်အသင်းတွေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲ ကစားဖို့စီစဉ်ထားတာဖြစ်ပါတယ်။

ဗယ်လီကာနိုအသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ဘယ်လင်ဟမ်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ အခုချိန်မှာ ဘာမှမပြောနိုင်သေးပါဘူးလို့ ရီးရဲလ်နည်းပြ အာဘီလိုအာက ပြောထားပါတယ်။
ဘယ်လင်ဟမ်ရဲ့ တံကောက်ကြောဒဏ်ရာရမှုကို တနင်္ဂနွေညမှာ ရီးရဲလ်အသင်းဘက်က အတည်ပြုလိုက်ပြီး နောက်ထပ်စစ်ဆေးမှုတွေကို စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ပြောထားပါတယ်။

ရီးရဲလ်နည်းပြ အာဘီလိုအာက ဒဏ်ရာကြောင့် ဘယ်လင်ဟမ်ကို လက်လွှတ်ရမယ့် ကိစ္စက ရီးရဲလ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
တကယ်လို့ ဘယ်လင်ဟမ်အနေနဲ့ ကာလရှည်အနားယူရမယ်ဆိုရင် မတ်လမှာ ကစားရမယ့် အင်္ဂလန်အသင်းရဲ့ခြေစမ်းပွဲတွေကို လွဲချော်ရမှာဖြစ်သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ ပွဲထွက် စာရင်းမှာပါဝင်ခွင့်ကိုပါ ထိခိုက်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။




