အကြောင်းအမျိုးမျိုးကြောင့် ဌာနကကင်းကွာနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေထဲက ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ ဝန်ထမ်းတွေကို အမည်မည်းစာရင်းက နေ ဖြေလျှော့ပေးနေတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကဇန်နဝါရီ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး နိုင်ငံ့ဝန်ထမ်းတချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကိုစွန့်ခွာသွားတာကြောင့်သက်ဆိုင်ရာဌာနတွေရဲ့ အမည်မည်းစာရင်းမှာ ပါဝင်ခဲ့တဲ့အတွက် ရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။ဒါကြောင့် အဲဒီဝန်ထမ်းတွေအနေနဲ့ ရောက်ရှိနေတဲ့နေရာက အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဌာနရဲ့ရုံးတွေ၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေကို ပြန်လည်သတင်းပို့ကြဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီလို ဆက်သွယ်လာသူတွေကို တာဝန်ရှိသူတွေကစိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိတဲ့ ဝန်ထမ်းတွေနဲ့ ပြစ်မှုကျူးလွန်လို့ ပြစ်ဒဏ်ကျခံပြီးပေမဲ့လည်း အမည်မည်းစာရင်းဝင်နေသူတွေကို အမည်မည်းစာရင်းက ဖြေလျှော့ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။




