ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)မှာပါဝင်တဲ့ မြို့နယ်တွေထဲက ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၄ဦးရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ၂၈ရက်မှာ ကြေညာပါတယ်။အခုကြေညာတဲ့ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၄ဦးထဲမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အယောက်၅၀ ပါဝင်ပါတယ်။

အဲဒီအပြင် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က ၂ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီက ၁ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၁ဦး ပါဝင်ပါတယ်။ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးရန်မျိုးအောင်သိန်းက အနိုင်ရသွားတယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အမည်စာရင်းကြေညာချက်အရ သိရပါတယ်။ဒါ့အပြင် တာမွေမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လက်ရှိနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံလည်း ရွေးကောက်ခံရတယ်လို့လည်း ကြေညာချက်အရ သိရပါတယ်။

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ၂၈ရက်ကစပြီး အပိုင်းလိုက်ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် ၇၃နယ်၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၂၆နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် ၂၅၅နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၄၂နယ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉နယ်တို့မှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။




