ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ဇန်နဝါရီ ၂၇ ရက်၊ နေ့လယ်ပိုင်းက ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာကနေ Grade-7 ကျောင်းသားတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေပြည်သာမြို့နယ်ရှိ လူမှုကူညီရေးအသင်းတစ်သင်းက တာဝန်ရှိသူတစ်ယောက်က One Newsကို ပြောပါတယ်။

သေဆုံးသွားတဲ့ကျောင်းသားဟာ အသက် ၁၃ နှစ်အရွယ် Grade-7 ကျောင်းသားတစ်ယောက်ဖြစ်ပြီး မုန့်စားကျောင်းဆင်းချိန်မှာ Grade-8 ကျောင်းသားနဲ့ ရန်ဖြစ်ရာကနေ လက်သီးနဲ့အထိုးခံရပြီး နေရာမှာပဲ လဲကျသေဆုံးခဲ့ကြောင်း ကြားသိရတယ်လို့ ဆိုပါတယ်။လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တစ်ခုမှာလည်း ကျောင်းသားအချင်းချင်းရန်ဖြစ်ရာကနေ ကျောင်းသားတစ်ယောက်က ထိုးလိုက်တာကြောင့် နောက်ထပ်ကျောင်းသားတစ်ယောက် လဲကျသွားတာကို တွေ့ရပြီး ဘေးကဝိုင်းကြည့်နေကြတဲ့ ကျောင်းသားတွေက “ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ၊ တစ်ချက်တည်းထိုးတာကို ဖြစ်နေတယ်” လို့ ပြောဆိုနေတာကို တွေ့မြင်ရပါတယ်။

လက်ရှိမှာ သေဆုံးသွားတဲ့ ကျောင်းသားရဲ့ ရုပ်အလောင်းကိုတော့ အင်းစိန်ဆေးရုံကြီးရင်ခွဲရုံကနေ နေအိမ်ကို ပြန်လည်သယ်ဆောင်လာခဲ့ပြီး သက်ဆိုင်ရာ ရွှေပြည်သာမြို့မရဲစခန်းကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။ကျောင်းချိန် ဒါမှမဟုတ် ကျောင်းချိန်ပြင်ပမှာ ကျောင်းသားအချင်းချင်း ခိုက်ရန် ဖြစ်ပွားမှုတွေ ဖြစ်ပေါ်လာရင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့စစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားတဲ့ ပြစ်မှုမှာ ပါဝင်သူအားလုံးကို ကျောင်း ပြောင်းလက်မှတ်ထုတ်ပေးတဲ့ ပြစ်ဒဏ်ချမှတ်သွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားတာ ရှိပါတယ်။




