တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီတို့ဟာ ဇန်နဝါရီ ၁၉ ရက်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်ထားပြီး ဆွေးနွေးပွဲအတွင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဉာဏ်ရည်တု အပါ အဝင် ခေတ်မီနည်း ပညာနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုအတွက် အလေးပေးဆွေးနွေးကြမယ်လို့ ခန့်မှန်း ရကြောင်း Yonhap သတင်းမှာ ဖော်ပြပါတယ်။

မယ်လိုနီက သူ့ရဲ့အာရှခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သုံးရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၇ ရက် က တောင်ကိုရီးယားကို ရောက်ရှိလာပြီး ခရီးစဉ်အတွင်း ဂျပန်နဲ့အိုမန်နိုင်ငံတွေမှာလည်း ရပ်နားမှာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ ခေါင်းဆောင်နှစ်ဦးက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဉာဏ်ရည်တု၊ ကာကွယ်ရေးနှင့် တစ်ပိုင်း လျှပ်ကူးပစ္စည်း အပါအဝင် အခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်မဲ့နည်းလမ်းတွေကို ဆွေးနွေး ကြမယ်လို့ မျှော်လင့်ရကြောင်း သမ္မတအိမ်တော်က ပြောပါတယ်။

အရင်နှစ် စက်တင်ဘာလက နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘော အစည်းအဝေးမှာ ပထမဆုံး တွေ့ဆုံပြီးနောက် အခုဆွေးနွေးပွဲက ခေါင်းဆောင်နှစ်ဦးရဲ့ ဒုတိယမြောက် ထိပ်သီးအ စည်းအဝေး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက လီ ရာထူးတာဝန်ယူခဲ့ပြီးနောက်ပိုင်း မယ်လိုနီဟာ တောင်ကိုရီးယားကို လာရောက်လည် ပတ်တဲ့ ပထမဆုံး ဥရောပခေါင်းဆောင်ဖြစ်တစ်ဦးဖြစ်သလို လွန်ခဲ့တဲ့ ၁၉ နှစ်က နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲ အတွက် အီတလီခေါင်းဆောင်တစ်ဦး ဆိုးလ်ကို လာရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း အခုအကြိမ်က ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အီတလီနိုင်ငံဟာ ဥရောပသမဂ္ဂမှာ တောင်ကိုရီးယားရဲ့ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်စဉ် တောင်ကိုရီးယားနိုင်ငံသား ၁ သန်းခန့် သွားရောက်လည်ပတ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။




