ဘာစီလိုနာကစားသမားဘဝ အစပိုင်းမှာ ရုန်းကန်ခဲ့ရတယ်လို့ တောင်ပံကစားသမား ရာဖင်ဟာက ဝန်ခံခဲ့ပြီး နည်းပြ ဖလစ်ခ်ရောက်လာလို့သာ အသင်းမှာ ဆက်နေဖြစ်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

၂၀၂၂ မှာ လိဒ် ယူနိုက်တက် အသင်းကနေ ဘာစီလိုနာကိုရောက်လာခဲ့တဲ့ ရာဖင်ဟာက ပထမရာသီမှာ ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားခွင့် ရခဲ့ပေမယ့် ၁၀ ဂိုးသာ သွင်းနိုင်ခဲ့သလို ဒုတိယရာသီမှာလည်း ၃၇ ပွဲမှာ ၁၀ ဂိုးသာသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၄ မှာ ဘာစီလိုနာနည်းပြအဖြစ် ဟန်ဆီဖလစ်ခ်ရောက်လာခဲ့ပြီးနောက် ရာဖင်ဟာရဲ့ သွင်းဂိုးနဲ့ ဂိုးပါဝင်ပတ်သက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ရာဖင်ဟာက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ၃၄ ဂိုးသွင်းပြီး ၂၂ ဂိုးဖန်တီးပေးနိုင်ခဲ့သလို အခုရာသီ မှာလည်း ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၁၁ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးပေးထားနိုင်တာဖြစ်ပါတယ်။

တကယ်လို့ အသင်းကို နည်းပြ ဖလစ်ခ်သာရောက်မလာခဲ့ဘူးဆိုရင် ဘာစီလိုနာကနေ ထွက်သွားကောင်းထွက်သွားနိုင်ပါတယ်လို့ ရာဖင်ဟာက ပြောလိုက်ပြီး နည်းပြဖလစ်ခ်က အရာရာကိုပြောင်းလဲပေးခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။
နည်းပြဖလစ်ခ်က ကစာသမားတွေ လိုအပ်နေတဲ့ ယုံကြည်မှုကို ယူဆောင်ပေးနိုင်သူဖြစ်တယ်လို့လည်း ရာဖင်ဟာက ချီးကျူးလိုက် ပါတယ်။




