အစိုးရဆန့်ကျင်ပွဲတွေကို နှိမ်နင်းမှုကြောင့် အီရန်ကို အရေးယူဆောင်ရွက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားနေတဲ့အတွက် ကာတာရှိ အယ်လ်-ယူဒိုက်လေတပ်စခန်းက ဝန်ထမ်းအရေအတွက်ကို အမေရိကန်နဲ့ ဗြိတိန်တို့က လျှော့ချနေကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်က တပ်ဖွဲ့တွေတစ်စိတ်တစ်ပိုင်း ရုပ်သိမ်းတာက “ ကြိုတင်ကာကွယ်မှု” တစ်ခုဖြစ်တယ်လို့ BBC ရဲ့ မိတ်ဖက်ဖြစ်တဲ့ အမေရိကန် CBS သတင်းဌာနကို အရာရှိတွေက ပြောပါတယ်။ ဗြိတိန်စစ်ဘက်ဝန်ထမ်း အချို့ကို လည်း ဖယ်ရှားနေတယ်လို့ BBC က သိရှိထားပါတယ်။

အမေရိကန်က လုပ်ဆောင်နေတဲ့အစီအမံတွေက ဒေသတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့တင်းမာမှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ဆောင်ရွက်နေတာဖြစ်ကြောင်း ကာတာအစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တီဟီရန်ရှိ ဗြိတိန်သံရုံးကိုလည်း ယာယီပိတ်ထားပြီး အခုအခါ အဝေးထိန်းစနစ်နဲ့ လုပ်ငန်း လည်ပတ်နေတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောပါတယ်။

လုပ်ငန်းဆောင်ရွက်ရာမှာ သတိဝိရီယရှိကြဖို့နဲ့ အယ်လ်-ယူဒိုက်လေ တပ်စခန်းကို မဖြစ်မနေ ကိစ္စရှိမှသာ သွားကြဖို့လည်း ဒိုဟာရှိ အမေရိကန်သံရုံးက အကြံပြုထား ပါတယ်။




