အိုလံပစ်ချန်ပီယံ စနိုးဘုတ်ကစားသမား ခလိုဝီကင်မ်က ပုခုံးဒဏ်ရာရနေပေမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။အသက် ၂၅ နှစ်အရွယ် ကင်မ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဆွစ်ဇာလန်လေ့ကျင့်ရေးကွင်းမှာ မတော်တဆမှုဖြစ်ခဲ့ပြီးနောက် အသေးစိတ်စစ်ဆေးချက်တွေအရ ပုခုံးမှာ ဒဏ်ရာရခဲ့တယ်လို့ အဖြေထွက်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန် စနိုးဘုတ်အားကစားမယ် ကင်မ်ဟာ ၂၀၁၈ နဲ့ ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲရဲ့ ဟက်ဖ်ပိုက် (halfpipe)အမျိုးအစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရယူထားတာကြောင့် အခုနှစ် ဆောင်းရာသီအိုလံပစ်မှာသာ ရွှေတံဆိပ်ဆုရခဲ့မယ်ဆိုရင် ဟက်ဖ်ပိုက်ပြိုင်ပွဲမှာ အိုလံပစ် ၃ ကြိမ်ဆက် ရွှေတံဆိပ်ဆုရတဲ့ ပထမဆုံး အမျိုးသမီးအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ကင်မ်က သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အီတလီမှာကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်နေတယ်လို့ အသိပေးသွားပါတယ်။

ဒဏ်ရာကြောင့် စိုးရိမ်မှုတွေရှိနေပေမယ့် အိုလံပစ်ပြိုင်ပွဲမတိုင်ခင်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်ကစားနိုင်မယ်လို့ ယုံကြည်ထားကြောင်း လည်း ကင်မ်က ပြောပါတယ်။ ၂၀၂၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲရဲ့အမျိုးသမီး ဟက်ဖ်ပိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ကင်မ်ဟာ အမျိုးသမီးစနိုးဘုတ်အသင်းမှာ အိုလံပစ်ရွှေတံဆိပ်ဆုရဖို့ကို ရေပန်းစားနေသူဖြစ်ပါတယ်။




