ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၁၉ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာမှာ ကျင်းပပါတယ်။အဲဒီ ပွဲတော်အခမ်းအနားကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည် ၉ ချက်တီးကာ ကရင်လူငယ် ၉ ဦးက ကျွဲချိုမှုတ်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။

အခမ်းအနားမှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နှုတ်ခွန်းဆက် စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားပါတယ်။ဆက်လက်ပြီး ကရင်အမျိုးသားနှစ်သစ်ကူးအခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အခမ်းအနား ကျင်းပတာနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောကြားပါတယ်။အဲဒီနောက် ကရင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့တွေက ရိုးရာအကတွေနဲ့ ကပြဖျော်ဖြေကြပြီး တာဝန်ရှိသူတွေက ရိုးရာယဉ်ကျေးမှုအကအဖွဲ့တွေကို ဆုတော်ငွေတွေ ချီးမြှင့်ပါတယ်။

အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာမှာ ပြည်ထောင်စုယိမ်းအက၊ ကရင်ရိုးရာဒုံးအကတွေနဲ့ ကပြဖျော်ဖြေတင်ဆက်တာ၊ ကရင်ရိုးရာ ခေတ်ဟောင်း ခေတ်သစ် ဝတ်စားဆင်ယင်မှုတွေကို ဖက်ရှင်ရှိးအစီအစဉ်နဲ့ ပြသဖျော်ဖြေတာ၊ ကရင်ရိုးရာ နှစ်သစ်ကူးယိမ်းအကနဲ့ ဖျော်ဖြေတင်ဆက်တာ၊ စူးထိုး အကနဲ့ ဖျော်ဖြေတင်ဆက်တာ၊ စကောအကနဲ့ ဖျော်ဖြေတင်ဆက်တာ၊ ကရင်ဝါးထောက်အကနဲ့ ဖျော်ဖြေတင်ဆက်တာနဲ့ ကရင်စည်းလုံးခြင်း သီချင်းနဲ့ ဖျော်ဖြေတင်ဆက်တာတွေ ပါဝင်တယ်လို့ သိရပါတယ်။ဒါ့အပြင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေနဲ့ လက်မောင်းလှဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲတွေ ထည့်သွင်းထားပြီး ဈေးဆိုင်ခန်းတွေနဲ့ ပွဲတော်အထိမ်းအမှတ်ပြခန်းတွေ ထည့်သွင်းပြသ ထားပါတယ်။ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပတဲ့ တိုင်းရင်းသားကျေးရွာကို ရန်ကုန်မြို့မှာနေထိုင်တဲ့ ကရင်တိုင်းရင်းသားတွေ အများအပြား လာရောက်လည်ပတ်ကြတာကိုလည်း တွေ့ရပါတယ်။




