ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုရှင်ဖြစ်သလို အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူလည်းဖြစ်တဲ့ နာဂက်စ် မိုဟမ်မာဒီကို အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး ဖမ်းဆီးခဲ့တယ်လို့ abc သတင်းမှာဖော်ပြထားပါတယ်။

အသက် ၅၃ နှစ်အရွယ် မိုဟမ်မာဒီကို တခြားလှုပ်ရှားသူတွေနဲ့အတူ အီရန်နိုင်ငံအရှေ့ပိုင်း မက်ရှ်ဟတ်မြို့မှာ ဖမ်းဆီးခဲ့တာလို့ နာဂက်စ်ဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။နိုဘယ်ဆုရွေးချယ်ရေးကော်မတီကလည်း မိုဟမ်မာဒီကို ချုပ်နှောင်ထားတဲ့နေရာကို အချိန်မဆိုင်းဘဲ ထုတ်ပြန်ပေးဖို့၊ သူလုံခြုံမှုရှိဖို့၊ ဂုဏ်သိက္ခာထိပါးမှုမရှိကြောင်း အတည်ပြုပေးဖို့နဲ့ တောင်းဆိုချက်တစ်စုံတရာမရှိဘဲ ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုနဲ့ လူ့အခွင့်ရေးတိုးမြှင့်ရရှိရေး လုပ်ဆောင်ခဲ့တာကြောင့် မိုဟမ်မာဒီဟာ ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုကို ရရှိခဲ့ပါတယ်။မိုဟမ်မာဒီဟာ တီဟီရန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အဲဗင်အကျဉ်းထောင်မှာ ၂၀၂၁ ခုနှစ်ကလည်း ချုပ်နှောင်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ အကျဉ်းထောင်ကနေ ရက်သတ္တပတ်သုံးပတ် ယာယီလွတ်မြောက်ခွင့်ရခဲ့တယ်လို့သိရပါတယ်။



