အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ဂုဏ်ပြုတဲ့ ဗီဒီယိုပြိုင်ပွဲကို ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ လမ်းပြကြယ်(Guiding Star)အဖွဲ့ကနေ သိရပါတယ်။လာမဲ့ ဒီဇင်ဘာ(၃)ရက်မှာ ကျရောက်မဲ့ အပြည်ပြည်ဆိုင်မသန်စွမ်းသူများနေ့အတွက် ဗီဒီယိုဖန်းတီးရတာကို ဝါသနာပါပြီး မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်ရည်နဲ့ အားမာန်ကို ဖော်ကျုးနိုင်မဲ့ ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်တယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲခေါင်းစဉ်တွေအဖြစ် ဘဝရဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံပြီး လူ့အဖွဲ့အစည်းမှာ တန်းတူညီမျှ ပါဝင်လှုပ်ရှားနေမှု တွေ၊ လုပ်ငန်းခွင်၊ အနုပညာ၊ အားကစားနဲ့ ဝါသနာတွေကို ကြိုးစားလုပ်ကိုင်နေတာတွေနဲ့ အခက်အခဲတွေကြားက မလျော့သော ဇွဲလုံ့လနဲ့ စွမ်းဆောင်ရည်တွေ၊ စိတ်အားတက်ကြွဖွယ်ရာနဲ့ ပျော်ရွှင်ဖွယ်ရာ အပြုသဘောဆောင်တဲ့ ပုံရိပ်တွေထဲကတစ်ချက်ကို ပေါ်လွင်အောင် ရိုက်ကူးရမှာ ဖြစ်ပါတယ်။ပြိုင်ပွဲဝင်ရိုက်ကူးထားတဲ့ ဗီဒီယိုကြာချိန်က တစ်မိနစ်ကနေ သုံးမိနစ်အတွင်း ဖြစ်ရမှာဖြစ်ပြီး ဆုအဖြစ် ပထမဆု ကျပ်လေးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊ တတိယဆု ကျပ်တစ်သိန်းခွဲနဲ့ နှစ်သိမ့်ဆု (၂) ဆုအတွက် ကျပ် ငါးသောင်းစီ ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပါဝင်ယှဉ်ပြိုင်ပြီး ဆုမရတဲ့သူတွေကိုလည်း ဖုန်းဘေလ် (၅၀၀၀)ကျပ်စီ ချီးမြှင့်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ပြိုင်ပွဲဝင်ဗီဒီယိုတွေကို ဒီဇင်ဘာ (၅)ရက် ညနေ ၅ နာရီအထိ နောက်ဆုံးထားပေးပို့နိုင်ပြီး အသေးစိတ် အချက် အလက်တွေကို လမ်းပြကြယ်(Guiding Star)ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။




