၂၀၂၆ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ WBC ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီံယံ ဘာရီယို့စ်နဲ့ ထိုးသတ်ဖို့အတွက် လက်မှတ်ထိုးလိုက်ပြီဖြစ်တယ်လို့ အမေရိကန်နိုင်ငံသား ဂါစီယာက အတည်ပြုလိုက်ပါတယ်။

ကစားသမားဘဝ ၂၆ ပွဲထိုးသတ်ရာမှာ ၂၄ ပွဲနိုင်ပြီး ၂ ပွဲရှုံးထားတဲ့ ဂါစီယာဟာ ၂၀၂၁ ခုနှစ်ထဲက WBC လိုက်ဖ်ဝိတ်တန်း ကမ္ဘာချန်ပီယံဆုကို ရယူထားသူဖြစ်ပေမယ့် အခုနှစ် မေလက WBA ဝယ်သာဝိတ်တန်း ချန်ပီယံဆု အတွက် ထိုးသတ်ခဲ့တဲ့ပွဲမှာတော့ ရိုလန်ဒိုကို အမှတ်နဲ့ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဘာရီယို့စ်နဲ့ထိုးသတ်မယ့် WBC ဝယ်သာဝိတ်တန်း ချန်ပီယံဆု စိန်ခေါ်ပွဲက သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်သလို အကောင်းဆုံးပြင်ဆင် သွားမှာဖြစ်တယ်လို့ အသက် ၂၇ နှစ်အရွယ် ဂါစီယာက ပြောထားပါတယ်။

ဂါစီယာနဲ့ ထိုးသတ်မယ့် ဘာရီယို့စ် ကတော့ အသက် ၃၀ အရွယ် ရှိပြီး ကစားသမားဘဝ ၃၃ ပွဲထိုးသတ်ထားရာမှာ ၂၉ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံးမှတ်တမ်း ရရှိထားတာဖြစ်ပါတယ်။

ဘာရီယို့စ်ဟာ နောက်ဆုံးထိုးသတ်မှုအဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လက ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီအိုနဲ့ ထိုးသတ်ခဲ့ရာမှာ ၁၂ ချီအပြည့်ထိုးသတ်ခဲ့ပြီး သရေရလဒ်ထွက်ပေါ်ထားခဲ့တာြဖစ်ပါတယ်။ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ၂ ပွဲဆက် သရေကျထားတဲ့ ဘာရီယို့စ်ကလည်း ဂါစီယာနဲ့ပွဲမှာ နိုင်ပွဲပြန်ရှာတွေ့နိုင်ဖို့ ကြိုးစားပြင်ဆင်သွားမယ်လို့ ပြောထားပါတယ်။




