စပိန်ကွင်းလယ််ကစားသမား အစ္စကိုနဲ့ ဘက်တစ်အသင်းတို့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နီးစပ်နေပြီး အပြီးသတ် လက်မှတ်ထိုးဖို့သာ ကျန်တော့တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် အစ္စကိုရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ရဲ့ သက်တမ်းက အနည်းဆုံး ၂၀၂၈ လောက်အထိ ဖြစ်မယ်လို့ သတင်းတွေ ကဖော်ပြကြပါတယ်။

ဘက်တစ်အသင်းဟာ လာမယ့်တစ်ပတ်ထဲမှာ ကစားဖို့ရှိနေတဲ့ ဆီဗီလာအသင်းနဲ့ ဒါဘီပွဲစဉ် မတိုင်ခင်မှာ အစ္စကိုရဲ့ စာချုပ်သစ်သတင်းကို ကြေညာနိုင်ဖို့အတွက် ဆန္ဒရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံး ရာသီ ဥရောပ ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲရဲ့ တစ်ရာသီအကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ အစ္စကိုဟာ လက်ရှိမှာ တော့ ဒဏ်ရာကြောင့် နားနေရတာဖြစ်ပြီး မကြာခင်မှာ ဘက်တစ်အသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့ သိရ ပါတယ်။

အစ္စကို ကိုယ်တိုင်ကလည်း ဘက်တစ်အသင်းမှာ အချိန်ကာတစ်ခုကြာ ဆက်နေဖို့အတွက် ဆန္ဒရှိနေပြီး ဘက်တစ်အသင်းနဲ့ ဆုဖလားအောင်မြင်မှုတစ်ခုခုရယူနိုင်ဖို့ကို ပစ်မှတ်ထားနေပါတယ်။

စာချုပ်သစ်မှာ အစ္စကိုရဲ့ လုပ်ခလစာကို တိုးမြှင့်ပေးထားပြီး အသင်းမှာ တစ်နှစ်လုပ်အားခ ယူရို ၇ ဒသမ ၈ သန်းရနေတဲ့ တောင်ပံတိုက်စစ် မှူး အန်တိုနီနဲ့အတူ အသင်းရဲ့ လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာမယ်လို့ သိရပါတယ်။ ၂၀၂၃ မှာ ဘက်တစ်ကို ရောက်လာခဲ့တဲ့ အစ္စကိုဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၆၉ ပွဲမှာ ၂၁ ဂိုးသွင်းယူပြီး ၁၈ ဂိုး ဖန်တီး ပေးထားတာဖြစ်ပါတယ်။




