နယ်သာလန်ဝါရင့်နည်းပြ အက်ဗိုကက်က ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကူရာကာအိုအသင်းကို ခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်ပေးနိုင်မှုက သူ့ရဲ့ရှည်လျားတဲ့နည်းပြဘဝ အကြီးမားဆုံးအောင်မြင်မှုဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အသက် ၇၈ နှစ်အရွယ် အက်ဗိုကက်ဟာ ၁၉၈၀ ခုနှစ်ထဲက နည်းပြဘဝကို စတင်ခဲ့တာ ဖြစ်ပြီး နယ်သာလန်၊ ယူအေအီး၊ တောင်ကိုရီးယား၊ ဘယ်ဂျီယံ၊ ရုရှား၊ ဆားဘီးယား၊ အီရတ်စတဲ့ နိုင်ငံလက်ရွေးစင် အသင်း တွေကို တာဝန်ယူခဲ့ဖူးတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ကူရာကာအိုအသင်းနည်းပြဖြစ်လာတဲ့ အက်ဗိုကက်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းကို ရှုံးပွဲမရှိအောင် ဦးဆောင်ပေးခဲ့ပြီး အုပ်စုပထမနေရာနဲ့ ခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ကူရာကာအိုအတွက် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြိုင်ခွင့်ရတဲ့ အသေးဆုံးနိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ နည်းပြခွင့်ရတဲ့ အသက်အကြီးဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်မယ့် ဗိုကက်က ကူရာကာအိုအသင်းကို ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် နည်းပြဘဝမှာ မရဖူးတဲ့ ပျော်ရွှင်မှုမျိုးကို ခံစား ရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။
ကူရာကာအိုအသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းရမှုက စိတ်လှုပ်ရှား စရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်လို့လည်း ဗိုကက်က ပြောသွားခဲ့ပါတယ်။




