လက်ဝှေ့လောကရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ မေဝယ်သာနဲ့ မကျေပွဲအတွက် သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကွီအိုက ပြောပါတယ်။ လက်ဝှေ့အတန်းတွေမှာ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့ဖူးတဲ့ မေဝယ်သာနဲ့ ပက်ကွီအိုတို့ဟာ ပထမအကြိမ်ဆုံတွေ့မှုအဖြစ် ၂၀၁၅ မှာ ထိုးသတ်ခဲ့ကြပြီး ဒီပွဲစဉ်ကို ရာစုနှစ်ရဲ့လက်ဝှေ့ပွဲလို့ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။

အဲ့ဒီပွဲမှာ ၁၂ ချီပြည့်တဲ့အထိ ထိုးသတ်ခဲ့ကြပြီး မေဝယ်သာက အမှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အသက် ၄၆ နှစ်အရွယ် ပက်ကွီအိုဟာ ၂၀၂၁ မှာ ကစားသမားဘဝက အနားယူခဲ့ပေမယ့် ၂၀၂၅ ဇူလိုင်လမှာ လက်ဝှေ့ကြိုးဝိုင်းအတွင်းကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ အသက် ၄၈ နှစ်အရွယ် အမေရိကန်နိုင်ငံသား မေဝယ်သာကတော့ လက်ဝှေ့ကစားသမားဘဝ ရှုံးပွဲမရှိ မှတ်တမ်းနဲ့ အတူ ၂၀၁၇ ခုနှစ်မှာ အနားယူခဲ့ပြီးနောက်ပိုင်း သရုပ်ပြပွဲတွေကိုသာ ထိုးသတ်နေခဲ့တာ ဖြစ်ပါတယ်။

မေဝယ်သာ ဟာ လာမယ့် ၂၀၂၆ ထဲ မိုက်တိုင်ဆန်နဲ့ သရုပ်ပြပွဲထိုးသတ်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေခဲ့ ပေမယ့် ပက်ကွီအိုကတော့ မေဝယ်သာနဲ့ မကျေပွဲထိုးသတ်ဖို့ ဆွေးနွေးမှုက အဆင်ပြေနေပြီး လာ့စ်ဗီးဂတ်စ်မှာ ထိုးသတ်ဖွယ်ရှိနေတယ်လို့ အတည်ပြုသွားတာဖြစ်ပါတယ်။




