အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ရုရှားသမ္မတပူတင်တို့ ဘူဒါပတ်မှာ ပြုလုပ်ဖို့ စီစဥ်ထားတဲ့ ထိပ်သီးအစည်း အဝေးကို “ အချည်းနှီးဖြစ်မဲ့ အစည်းအဝေး” မဖြစ်စေလိုတာကြောင့် ရပ်ဆိုင်းလိုက်ပြီလို့ ထရမ့်က ပြောကြားခဲ့ပြီး နောက် အောက်တိုဘာ ၂၁ ရက်မှာ ရုရှားက ယူကရိန်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အပြင်းအထန် တိုက်ခိုက် ခဲ့တာကြောင့် ကလေးငယ် ၂ ယောက်အပါအဝင် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့တယ်လို့ Reuters သတင်း မှာ ဖော်ပြထားပါတယ်။

ရုရှားက ပစ်ခတ်လိုက်တဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေကြောင့် ကိယက်ဗ်က မူကြိုကျောင်း ထိမှန်ခဲ့ပြီး မြို့တော်တစ် ဝိုက်မှာလည်း ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၂ ယောက် ပါဝင်သလို ဒဏ်ရာရရှိသူ ၂၇ ယောက်ထဲမှာလည်း ကလေးငယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ သမ္မတဇယ်လန်းစကီးကတော့ အခုတိုက်ခိုက်မှုက ရုရှားအပေါ် လုံလောက်တဲ့ ဖိအားပေးမှု မရှိသေးတာကို သက်သေပြနေတာလို့ ပြောဆိုခဲ့ပါတယ်။ ဇယ်လန်းစကီးဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဝါရှင်တန်မှာ ထရမ့်နဲ့ ဆွေးနွေးခဲ့ပေမဲ့ တိုမာဟော့ခ် တာဝေးပစ် ဒုံးကျည်တွေ အထောက်အပံ့ ရရှိဖို့ မဆွဲဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ကတော့ သူ့ရဲ့ ဥရောပခရီးစဉ် အစအဖြစ် နော်ဝေနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ထရမ့်နဲ့ ဥရောပခေါင်းဆောင်တွေက ယူကရိန်း ရှေ့တန်းနေရာတွေမှာ တိုက်ခိုက်နေမှု ရပ်စဲဖို့ တောင်းဆိုတာတွေ ကို ရုရှားက ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားအရာရှိတွေက ထရမ့်-ပူတင် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင် တာတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောဆိုလိုက်ပြီး အမေရိကန်သမ္မတရဲ့ ဆွေးနွေးပွဲ ရပ်ဆိုင်း ထားတယ်ဆိုတဲ့ အကဲဖြတ်ချက်ကို သဘောမတူကြောင်း ငြင်းဆိုခဲ့ပါတယ်။ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမက်ထရီ ပက်စ်ကို့ဗ်ကလည်း ရက်သတ်မှတ်ဖို့ သဘောတူညီမှု မရသေး ကြောင်းနဲ့ ကြိုတင်ပြင်ဆင်တွေ လိုအပ်ကြောင်း ပြောကြားထားပါတယ်။




