အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် ကနေ အောက်တိုဘာ ၂၁ ရက်အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား ၉၃၃၉ ယောက်ကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

၉ လအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား ၉၅၅၁ ယောက်ကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်း နိုင်ခဲ့တာဖြစ်ပြီး အဲဒီထဲက ၉၃၃၉ ယောက်ကို ပြည်နှင်လွှဲပြောင်းပေးခဲ့တာပါ။ကျန်ရှိနေတဲ့ ပြည်ပနိုင်ငံသား ၂၁၂ ယောက်ကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ အသင့် ဖြစ်နေပြီဖြစ်ပြီး အဲဒီသူတွေကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။နိုင်ငံတော်အနေနဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့ နိုင်ငံခြား သားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ဖို့ ဆောင်ရွက် နေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြတဲ့ နိုင်ငံခြားသားတွေနဲ့ လူကုန်ကူးခံရတဲ့ နိုင်ငံခြား သားတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေကို အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတချို့ကို တစ်ဆင့်ခံ ဖြတ်သန်းပြီး မြန်မာနိုင်ငံ အတွင်းကို နယ်စပ် လမ်း ကြောင်းတွေကနေ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနဲ့ KK Park နယ်မြေတွေမှာ အွန်လိုင်းလောင်းကစားမှုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ဖိလစ်ပိုင် နိုင်ငံသား နှစ်ယောက်ကိုလည်း မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည် ရေးတံတားကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ အောက်တိုဘာ ၂၁ ရက်က ထပ်မံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။




