YBS ခရီးသွားပြည်သူတွေ မှတ်တိုင်တွေမှာ ခရီးသည်စုပြုံမှု မရှိစေရေး စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့အတွက် စစ် တမ်း စတင်ကောက်ယူနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က One News ကို ပြောပါတယ်။

ရုံးတက် ရုံးဆင်းချိန် မှတ်တိုင်တွေမှာ ခရီးသည်တွေ စောင့်ဆိုင်းမှု၊ YBS ယာဉ်လိုင်းတွေရဲ့ ယာဉ်စာရင်း၊ ခရီးသည် တွေ စီးနင်းမှု အခြေအနေတွေပေါ် မူတည်ပြီး ခရီးသည်တွေ အဆင်ပြေ ချောမွေ့စေဖို့အတွက် မှတ်တိုင်တွေမှာ ခရီးသည်စုပြုံမှု မရှိစေရေး စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ရည်ရွယ်ပြီး စစ်တမ်း ကောက်ယူတာ ဖြစ်ပါတယ်။စစ်တမ်းကောက်ယူတဲ့ အဖြေရလဒ်ပေါ် မူတည်ပြီး ဘယ်မှတ်တိုင်တွေမှာ ဘယ်အချိန်မှာ YBS ကား ဘယ်နှစီး လောက် လိုအပ်မှု ရှိလဲဆိုတာကို သုံးသပ်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ခရီးသည်စီးနင်းမှု များတဲ့ ကားမှတ်တိုင်တွေကတော့ ဆူးလေ၊ လှည်းတန်း၊ မြေနီကုန်း၊ စံပြဈေး၊ ရှစ်မိုင်နဲ့ လမ်းဆုံလမ်းခွကျတဲ့ ကားမှတ်တိုင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ခရီးသွား လုပ်သားပြည်သူတွေအနေနဲ့လည်း မိမိတို့ တွေ့ကြုံရတဲ့ အခြေအနေတွေကို YRTC Facebook ပေ့ချ်မှာ ဖော်ပြထားတဲ့ Google Form မှာ ဖြည့်စွက်ဖြေကြားပေးနိုင်တယ်လို့ သိရပါတယ်။




