ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ ကစားသမားဘဝက အနားယူဖို့ စဉ်းစားခဲ့တယ်လို့ မန်စီးတီးနဲ့ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းက ဖွင့်ဟလိုက်ပါတယ်။စတုန်းဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီက ခြေဖဝါးနဲ့ တံကောက်ကြော ဒဏ်ရာတွေကြောင့် ပရီးမီးယားလိဂ် ၁၁ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် စတုန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးနဲ့အတူ ပြိုင်ပွဲကြီး ၅ ခုမှာ ပါဝင် ကစားပေးထားပေမယ့် လက်ရွေးစင်အသင်းအတွက် ၂၀၂၄ အောက်တိုဘာမှာ နောက်ဆုံးကစားပေးထား ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက တော်တော်လေးကို ခက်ခဲခဲ့ပြီး ကစားသမားဘဝက နားဖို့လောက်အထိ စဉ်းစားခဲ့ပါတယ်လို့ စတုန်းကပြောပါတယ်။ စတုန်းဟာ အခုရာသီမှာတော့ ဒဏ်ရာပြဿနာကင်းကင်းနဲ့ ကစား ပေးနေသလို မန်စီးတီးအတွက် ၅ ပွဲမှာ ပွဲထွက်ကစားခွင့်ရထားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အင်္ဂလန် အသင်းနည်းပြ တူချယ်က နိုင်ငံတကာပွဲတွေ ကစားဖို့ရှိနေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ ထည့်သွင်းရွေးချယ်ထားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စိတ်ခံစားချက်က မြင့်မားနေသလို ဒဏ်ရာ ကင်းကင်းနဲ့ ကစားနေနိုင်တဲ့အတွက် ပျော်ရွှင်နေပါတယ်လို့ အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်နေတဲ့ စတုန်းက ပြောသွားပါတယ်။ အင်္ဂလန်နည်းပြ တူချယ်ကလည်း ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်ရနေတဲ့ ကစားသမား တွေသာ လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။




