အာဆင်နယ်အသင်းဟာ ပွဲထွက်ဂိုးသမား ရာယာကို လစာတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုလိုက်တယ်လို့ သိရပါ တယ်။ အသက် ၂၉ နှစ်အရွယ် စပိန်ဂိုးသမား ရာယာဟာ ဘရန့်ဖို့ဒ်အသင်းကနေ အာဆင်နယ်ဆီကို ၂၀၂၃ မှာ တစ်ရာသီအငှားနဲ့ရောက်လာခဲ့ပြီးနောက် လက်စွမ်းပြနိုင်တဲ့အတွက် ၂၀၂၄ မှာ အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူ လိုက်တာဖြစ်ပါတယ်။

ရာယာနဲ့ အာဆင်နယ်အသင်းတို့စာချုပ်က ၂၀၂၈ အထိ သက်တမ်းရှိသေးတာဖြစ်ပြီး စာချုပ်သစ်မှာ ရာယာက လက်ရှိရနေတဲ့ တစ်ပါတ်လုပ်အားခ ပေါင် ၁ သိန်းထက် ပိုရမှာဖြစ်ပြီး စာချုပ်သက်တမ်း ကိုတော့ မူလအတိုင်း ၂၀၂၈ အထိသာချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ စာချုပ်ထဲမှာ အလိုအလျောက် ၁ နှစ် သက်တမ်းတိုးခွင့်လည်း ပါတာဖြစ်လို့ ရာယာအနေနဲ့ ၂၀၂၉ အထိ အာဆင်နယ်အသင်းမှာ ရှိနေတော့မှာဖြစ် ပါတယ်။ ရာယာဟာ အာဆင်နယ်အသင်းကို ရောက်လာခဲ့ပြီးနောက် အသင်းဂိုးပေါက်မှာ လုံခြုံစိတ်ချရတဲ့ ဂိုးသမားဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးသမား (ရွှေလက်အိတ်)ဆုကို ရရှိထားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအစောပိုင်းမှာလည်း တောင်ပံတိုက်စစ်မှူး ထရော့ဆက်ကို လစာတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုခဲ့သလို အသင်းရဲ့ အဓိက နောက်ခံလူတွေဖြစ်တဲ့ ဂါဘရီရယ်နဲ့ ဆာလီဘာတို့ကိုလည်း သက်တမ်းတိုးစာချုပ်တွေချုပ်ဆိုထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း နောက်ခံလူ တင်ဘားစ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေသလို တောင်ပံတိုက်စစ်မှူး ဆာကာနဲ့လည်း စာချုပ်သစ်အတွက် သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။




