အခုနှစ် စက်တင်ဘာလက ပဲခူးတိုင်းဒေသကြီးကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ သန်းကျော် နဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း (၄၅၀၀)လောက် တိုးတက်ဝင်ရောက်ခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်က ပြုလုပ်တဲ့ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကနေ သိရပါတယ်။

အခုလို ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဝင်ရောက်ခဲ့တဲ့အတွက် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း (၁၄၅) ယောက်အတွက် ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ပြည်တွင်း/ပြည်ပ အကြီးစား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လုပ်ငန်းအမျိုးအစား(၇)ခုရှိပြီး စက်မှု ကဏ္ဍ တိုးတက်မှုတွေနဲ့အတူ လျှပ်စစ်စွမ်းအင်၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ လယ်ယာကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံမှု တိုးတက်အောင်ဆောင်ရွက်ကြဖို့ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လယ်ယာကဏ္ဍအတွက်လိုအပ်တဲ့ ဓာတ်မြေဩဇာသွင်းအားစု ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံ အောင် ချိတ်ဆက်ဆောင်ရွက်ကြဖို့နဲ့ စက်ရုံတွေ တစ်ပိုင်တစ်နိုင် ဆိုလာတပ်ဆင်သုံးစွဲနိုင်ရေးတွေကိုလည်း လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

စက်မှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အန္တရာယ်ရှိနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကို သက်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနရဲ့ သတ်မှတ်နည်းလမ်းအတိုင်း ဖျက်ဆီးစွန့်ပစ်ကြဖို့နဲ့ ပဲခူး၊ သနပ်ပင်၊ ကဝနဲ့ ဝေါမြို့နယ် အတွင်း ရေထွက်ကုန်ပစ္စည်းတွေကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ဖို့ အအေးခန်း စက်ရုံတွေ၊ ဆီသွပ်ဘူး စက်ရုံတွေ လာရောက်ဖို့ကိုလည်း ဖိတ်ခေါ်ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်ကစပြီး လက်ရှိအချိန်ထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၁၂ သန်းကျော်၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း နှစ်သိန်းကျော် ဝင်ရောက်ထား ပြီး အလုပ်အကိုင်အခွင့်အလမ်း တစ်သောင်း လေးထောင်ကျော်အတွက် ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။




