ကာဇက်စတန် နိုင်ငံကို အလုပ်သဘောခရီး သွားရောက်ခဲ့တဲ့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၉ ရက်၊ ဒေသ စံတော်ချိန် မနက်ပိုင်းက အက်စတာနာလေဆိပ်ကနေ ပြန်လည်ထွက်ခွာပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ကိုယ် စားလှယ် အဖွဲ့ကို ကာဇက်စတန် နိုင်ငံ အစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ် (၁) ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့တောင်အာရှဒေသ ဆိုင်ရာ ဒုတိယဝန်ကြီး တစ်ယောက်၊ ဒုတိယ မြို့တော်ဝန်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုရှားနိုင်ငံအခြေစိုက် ကာဇက်စတန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦး တို့က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ပို့ဆောင်နှုတ်ဆက်ပါတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အဏုမြူ သီတင်းပတ် ဖိုရမ်ကို ပါဝင်တက်ရောက်တာ အပါအဝင် ရုရှား နဲ့ ကာဇက်စတန် နိုင်ငံတွေကို အလုပ်သဘောခရီး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်၊ ကာဇက်စတန်နိုင်ငံ သမ္မတ မစ္စတာ ကတ်ခ်ဆန်ဂျိုးမာ့တ် တိုးကာရာ့ဖ်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (Rosatom) ညွှန်ကြားရေးမှူးချုပ် နဲ့ တွေ့ဆုံ ဆွေးနွေးတာ၊ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (Roscosmos) ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးတာ ၊ ရုရှားသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့ပါတယ်။

ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့အတူ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီးတွေ၊ တပ်မတော်အရာရှိကြီးတွေနဲ့ တာဝန်ရှိသူတွေ လိုက်ပါခဲ့တာ ဖြစ်ပါတယ်။




