အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်စေဖို့ အာဆီယံရှေ့နေချုပ် များ အစည်းအဝေး တည်ထောင်ခြင်းဆိုင်ရာ ကြေညာချက်လက်မှတ်ရေးထိုးပွဲကို ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ စက်တင်ဘာလ(၁၅)ရက်နဲ့(၁၆)ရက် နှစ်ရက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပွဲမှာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အာဆီယံရှေ့နေ ချုပ်များ အစည်းအဝေး တည်ထောင်ခြင်းရဲ့ ရည်ရွယ်ချက်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား တရားစွဲနဲ့ အမှုလိုက်လုပ်ငန်းတွေမှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဥပဒေတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုတွေ အထောက်အပံ့ပြုရေး၊ ပုံမှန်မဟုတ်တဲ့ ပြစ်မှုတွေနဲ့ နည်းပညာ အသုံးပြုကျူးလွန်တဲ့ ပြစ်မှုတွေ ဖြေရှင်းနိုင်ရေးအတွက် အစိုးရအမှုလိုက်အရာရှိတွေရဲ့ စွမ်းရည်မြှင့်တင်ဆောင် ရွက်မှုများ ပူးပေါင်းဆောင်ရွက်ရေး အစရှိတဲ့ ဥပဒေဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက် နိုင်မှာဖြစ်ကြောင်းနဲ့ အခုကြေညာချက်လက်မှတ်ရေးထိုးတာဟာ အာဆီယံဥပဒေရေးရာများ ပူးပေါင်းဆောင်ရွက် ရေးနယ်ပယ်မှာ မျက်နှာစာအသစ်တစ်ခုကို ဖွင့်လှစ်လိုက်တာဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါတယ်။

အာဆီယံရှေ့နေချုပ်များအစည်းအဝေးတည်ထောင်ခြင်းဆိုင်ရာကြေညာချက်ကို လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီ ယံနိုင်ငံတွေအတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတွေတိုက်ဖျက်ရာမှာ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် နိုင်တာ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိစေနိုင်တာနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရှေ့နေချုပ်ရုံးတွေအကြား တရားစွဲနဲ့အမှုလိုက်ကဏ္ဍပူးပေါင်းဆောင်ရွက်တွေ ပိုမိုမြှင့်တင်နိုင်မဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။




