ကမ္ဘာ့အကြီးဆုံးကုန်စည်ပြပွဲတွေမှာ ဝင်ရောက်ပြသတဲ့အခါ အရည်အသွေးကောင်း ဒီဇိုင်းလှပြီး ဆန်းသစ်တီထွင် မှုရှိတဲ့ Made In Myanmar အိမ်တွင်းအလှဆင်ပစ္စည်းနဲ့ လက်မှုပစ္စည်းတွေကို နိုင်ငံတကာဈေးကွက်က ပိုသဘော ကျတယ်လို့ ဂျာမနီနိုင်ငံ Messe Frankfurt အဖွဲ့ Consumer Good , Automotive နဲ့ Textile Show and Sales ရဲ့ Senior Vice President Mr. Stephan Kurzawski က ပြောပါတယ်။

ဂျာမနီနိုင်ငံ Messe Frankfurt အဖွဲ့ရဲ့ မြန်မာပြည်ကိုယ်စားလှယ် Su Shwe Nadi Trading & Consultancy ရဲ့ ဖိတ်ကြားချက်အရ ဂျာမနီကနေ မြန်မာကိုရောက်ရှိလာတဲ့ Mr. Stephan Kurzawski က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်မှာ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လာရောက်တွေ့ဆုံတဲ့ Press Conference & Networking Event အခမ်းအနားမှာ အခုလို ဖြေကြားခဲ့တာပါ။ကမ္ဘာ့လက်မှုပညာကုန်စည်ပြပွဲတွေမှာ မြန်မာ့အိမ်တွင်းအလှဆင်ပစ္စည်း၊ အိမ်တွင်းသုံးပစ္စည်း၊ နည်းပညာပစ္စည်း နဲ့ လက်မှုပစ္စည်းတွေကို ဝင်ရောက်ပြသတဲ့ ကုမ္ပဏီတွေ ပိုများလာတယ်လို့ Mr. Stephan Kurzawski က ပြောပါတယ်။ဒီလိုနိုင်ငံတကာပြပွဲတွေမှာ ပြသတဲ့အတွက် နိုင်ငံတကာဈေးကွက်မှာ မိမိထုတ်ကုန်တွေကို တိုက်ရိုက်ရောင်းချ နိုင်မှာဖြစ်သလို နိုင်ငံတကာဝယ်သူတွေနဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်မှာဖြစ်တယ်လို့ Su Shwe Nadi Trading & Consultancy ရဲ့ မန်နေဂျင်းဒါရိုက်တာဒေါ်သက်ဆုလှိုင်က ပြောပါတယ်။

နိုင်ငံတကာကုန်စည်ပြပွဲတွေမှာ ဝင်ရောက်ပြသတဲ့ကုမ္ပဏီတွေဟာ တစ်ဖက်နိုင်ငံ ဝယ်သူတွေဘက်ကလိုအပ်တဲ့ ပစ္စည်းတွေကို အချိန်မီ ထုတ်လုပ်ပေးပို့နိုင်ဖို့နဲ့ အရည်အသွေးကောင်းကုန်ပစ္စည်းတွေကို ထုတ်လုပ်နိုင်ဖို့ လိုအပ် တယ်လို့လည်း ဒေါ်သက်ဆုလှိုင်က ပြောပါတယ်။နိုင်ငံတကာကုန်စည်ပြပွဲတွေမှာ ပါဝင်ပြသရာမှာ ခရီးစရိတ်၊ ပြခန်းငှားရမ်းစရိတ် စတဲ့ အထွေထွေ ကုန်ကျစရိတ် တွေက မြင့်မားတာကြောင့် ကုန်ပစ္စည်းတွေ ထင်သလောက် မရောင်းရလို့ ကုန်ကျစရိတ် မကြေတဲ့ ကုမ္ပဏီတချို့ ရှိတယ်လို့ သိရပါတယ်။ အခုနှစ် စက်တင်ဘာလမှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြုလုပ်မယ့်ကုန်စည်ပြပွဲမှာ မြန်မာ နိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း အပါအဝင် ကုမ္ပဏီ ၃ က သွားရောက်ပြသမှာဖြစ်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဂျာမနီနိုင်ငံ Frankfurt မြို့မှာ ကျင်းပမယ့် ကုန်စည်ပြပွဲမှာ ကြိမ်၊ ဝါးနဲ့ ပြုလုပ်တဲ့ အိမ်တွင်း အလှဆင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သွားရောက်ပြသဖို့ ရှိနေပါတယ်။




