ပြည်ပကနေ ဂျုံတင်သွင်းမှုဟာ တစ်နှစ်ကို တန် ၅ သိန်း ရှိတဲ့အတွက် ဂျုံစိုက်ပျိုးနိုင်ရေး တောင်သူတွေကို အားပေးဆောင်ရွက်ဖို့ လိုတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ဇူလိုင် ၃၀ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

မိမိတို့နိုင်ငံဟာ ဆန်ကို အဓိကထား စားသုံးပေမယ့် စားသောက်မှုပုံစံ ပြောင်းလဲပြီး ဂျုံကိုလည်း တွဲဖက်စားသုံး သင့်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။လက်ရှိ ကမ္ဘာ့နိုင်ငံအများစုမှာလည်း ဂျုံကို ပြောင်းလဲစားသုံးလာကြတာကို တွေ့ရပြီး မြန်မာနိုင်ငံအနေနဲ့ ပြည်ပ ကနေ ဂျုံတင်သွင်းမှုဟာ တစ်နှစ်ကို တန် ၅ သိန်း ရှိတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဂျုံစိုက်ပျိုးမှုအနေနဲ့က ဧကပေါင်း ၁ ဒသမ ၃ သိန်း စိုက်ပျိုးနေပြီး ဂျုံလိုအပ်ချက် တန်ချိန် ၅ သိန်း ရရှိရေးအတွက်ဆိုရင် စိုက်ပျိုးဧက ၆ သိန်းနီးပါး ထပ်မံ စိုက်ပျိုးရမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။




