အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ ဒီနေ့ ဇူလိုင် ၁၁ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ကွာလာလမ်ပူမှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ရူဘီယိုဟာ မနေ့က ဇူလိုင် ၁၀ ရက်မှာ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူကို ရောက်ရှိလာပြီး ဒီခရီးစဉ်ဟာ ရူဘီယို နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူပြီးနောက် ပထမဆုံး အာရှခရီးစဉ် ဖြစ်ပါတယ်။ ဒါ့အပြင် ဒါဟာ တရုတ်-အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
ရူဘီယိုနဲ့ ဝမ်ယိတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးတင်းမာမှုကိစ္စကို အဓိက ဆွေးနွေးဖို့ ရှိနေတာပါ။ ဒါ့အပြင် ယူကရိန်း- ရုရှားစစ်ပွဲမှာ ရုရှားအပေါ် တရုတ်ရဲ့ ထောက်ခံမှုကို အမေရိကန်က စိုးရိမ်ပူပန်ကြောင်းလည်း မစ္စတာဝမ်ယိကို ပြောကြားဖို့ရှိတယ်လို့ ရူဘီယိုက ဇူလိုင် ၁၀ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ရူဘီယိုဟာ ဒီခရီးစဉ်အတွင်းမှာ အရှေ့တောင်အာရှ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ ရှိသလို မလေးရှားနိုင်ငံက အကြီးတန်း အရာရှိတွေ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံမှာပါ။ ဒီခရီးစဉ်ဟာ အင်ဒို-ပစိဖိတ်ဒေသကို အမေရိကန်ရဲ့ အာရုံစိုက်မှု အသစ်တစ်ဖန် ပြန်စတင်ဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။




