ဖိလစ်ပိုင်နိုင်ငံရဲ့ ပင်မကျွန်းဖြစ်တဲ့ လူဇုန်ကျွန်းကို ဖန်းရှန်းအပူပိုင်းမုန်တိုင်း ဖြတ်ကျော်တိုက်ခတ်ခဲ့လို့ လူငါးဦးသေဆုံးခဲ့တယ်လို့ ရဲနဲ့ သဘာဝဘေးအရာရှိတွေက အောက်တိုဘာလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီမိသားစုလိုက်သေဆုံးသူတွေထဲမှာ အသက်နှစ်နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါဝင်ပြီး မိုးလင်းချိန်မှာ သူတို့ရဲ့နေအိမ်ပေါ်ကို သစ်ပင်လဲကျတာကြောင့် ပိမိသေဆုံးခဲ့တာလို့ ရဲအရာရှိ တသ်ဉီးက အေအက်ဖ်ပီသတင်းဌာနကို တယ်လီဖုန်းနဲ့ ပြောပါတယ်။အဆိုပါသေဆုံးမှုဟာ မနီလာမြို့တော်ရဲ့ အရှေ့တောင်ဘက် ၁၅၃ ကီလိုမီတာလောက်အကွာ ပီတိုဂိုမြို့အနီး ကျေးရွာတစ်ရွာမှာ ဖြစ်ခဲ့တာပါ။ မုန်တိုင်းဟာ လူဇုန်ကျွန်းရဲ့ အရှေ့တောင်ဘက်ပိုင်းကို တစ်ညလုံး ဖြတ်ကျော်တိုက်ခတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီမုန်တိုင်းက အောက်တိုဘာလ ၁၉ ရက်၊ မနက်ပိုင်း မနီလာပင်လယ်အော်ပေါ်မှာ ရွေ့လျားနေပြီး လေတိုက်နှုန်းက တစ်နာရီလျှင် ကီလိုမီတာ ၉၀ အထိ ပြင်းထန်ခဲ့ပါတယ်။ ဒါပြီးရင် မုန်တိုင်းဟာ မနီလာမြို့တော်ရဲ့ မြောက်ဘက်ခရိုင်တွေကို ဆက်လက်ဝင်ရောက်တိုက်ခတ်ဖို့ အသင့်ဖြစ်နေတယ်လို့ ဖိလစ်ပိုင်မိုးလေဝသဌာနက ပြောပါတယ်။




