ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်းဘူအာလွိုင်ကြောင့် လူသေဆုံးမှုဟာ ၁၁ ယောက်အထိရှိလာပြီးဖြစ်ကြောင်း AP သတင်းမှာဖော်ပြပါတယ်။

ဘူအာလွိုင်ဟာ စက်တင်ဘာ ၂၆ ရက်မှာ ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ရဲ့ ပင်မကျွန်းကြီးဖြစ်တဲ့ လူဇုန်ကို ကန့်လန့်ဖြတ် တိုက်ခတ်ပြီး အခုအခါ ဗီယက်နမ် အလယ်ပိုင်းဆီ ဆက်လက် ဦးတည် ရွေ့လျားနေပါတယ်။မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း ၄၀၀၀၀၀ ဝန်းကျင်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသလို မုန်တိုင်း ဖြတ်သန်းချိန်မှာ ရေကြီးတာ၊ မြေပြိုတာ၊ သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ ပြိုလဲတာမျိုး အခြေအနေတွေကို ကြုံခဲ့ရပါတယ်။အစောပိုင်းက မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပေမယ့် စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာတော့ သေဆုံးသူအရေအတွက်ဟာ ၁၁ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။

ဖိလစ်ပိုင်ရဲ့ ကျွန်းငယ်လေး တစ်ခုဖြစ်တဲ့ ဘီလီရန်ကတော့ မုန်တိုင်းဒဏ် အဆိုးဆုံး ခံစားရတဲ့ ဧရိယာ ဖြစ်လာပြီး ၈ ဦးသေဆုံးသလို နောက်ထပ် ၂ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် ကျွန်းအနှံ့ ရေတွေကြီးခဲ့ပြီး တချို့လမ်းတွေဟာ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းအထိ ရေဖုံးနေဆဲလို့ မျက်မြင်တွေက ပြောပါတယ်။ ဖိလစ်ပိုင် အလယ်ပိုင်းမှာတော့ လူ ၁၄ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေကတော့ နောက်ထပ် အသေအပျောက် ကိန်းဂဏန်းတွေ မြင့်တက်လာမှာကို စိုးရိမ်နေပါတယ်။ဘူအာလွိုင်ဟာ အခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ဖူးတဲ့အင်အားအပြင်းဆုံး မုန်တိုင်းအနေနဲ့ မှတ်တမ်းဝင်ခဲ့တဲ့ စူပါတိုင်ဖွန်း ရာဂါဆာအပြီး ရှေ့ဆင့်နောက်ဆင့်အဖြစ် ဖိလစ်ပိုင်ကို ဖြတ်သန်းခဲ့တာပါ။ ရာဆာဂါက ဖိလစ်ပိုင် မြောက်ပိုင်း လူနေနည်းပါးရာ ကျွန်းတွေကိုသာ ဖြတ်ကျော်ခဲ့ပေမယ့် ဘူအာလွိုင်ကတော့ လူနေသိပ်သည်းတဲ့ အလယ်ပိုင်း ဒေသတွေကို ဖြတ်သန်းသွားခဲ့တာ ဖြစ်ပါတယ်။



