အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်နဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့က လေနွေးတွေ၊ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသက ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် ဧပြီ ၂၈ ရက်ကနေ မေ ၃ ရက်အထိ နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂၄ ရက် ည ၇ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဲဒါကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိပြုကြဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။