အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံအရပ်ရပ်ကနေ စက်တင်ဘာလ ၁၄ ရက်ကစပြီး ဆုတ်ခွာသွားဖွယ် ရှိတယ်လို့ စက်တင်ဘာလ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကနေ စက်တင်ဘာလ ၁၄ ရက်ကနေ ၁၉ ရက်အတွင်း ဆုတ်ခွာနိုင်ဖွယ်ရှိပြီး စက်တင်ဘာ ၂၀ ကနေ ၂၅ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ၊ စက်တင်ဘာ၂၆ ရက် ကနေ အောက်တိုဘာ ၁ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ အောက်တိုဘာ ၂ ရက် ကနေ ၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေ ဆုတ်ခွာသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ လပတ်အတွက် ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ ဆိုပါ တယ်။အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ အားအနည်းငယ်ကနေ အား အသင့်အတင့်ရှိနိုင်ပြီး မိုးရွာသွန်းမှုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စက်တင်ဘာလ ၂၁ ရက်ကနေ ၂၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ စက်တင်ဘာလ ၁၆ ရက်ကနေ ရက် ၂၀ ခန့်နဲ့ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ ကယားပြည်နယ်တွေမှာ စက်တင်ဘာလ ၁၁ ရက်ကနေ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။




