အနောက်တောင်မုတ်သုံလေဟာ လာမယ့်မေလ ၁၆ ရက်ကစပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေ စတင် ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ ဧပြီလ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ မေလ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်ကိုထုတ်ပြန်ရာမှာ အခုလို ဖော်ပြပါရှိတာပါ။မေလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ မေလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မေလ ၂၆ ရက်ကနေ ၃၁ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အနောက် တောင်မုတ်သုံလေ အသီးသီး ၀င်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့်မေလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင် ပြည်နယ်တွေမှာ ၁၅ ရက်ကနေ ၂၁ ရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ၈ ရက်ကနေ ၁၄ ရက်ခန့်အထိ မိုးထစ်ချုန်း ရွာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။