စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇွန်လ ၁၈ ရက် မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်၊၊မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ် ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်၊၊

အဲဒီအပြင် ဇွန်လ ၁၈ ရက် မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင် ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊၊လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ကယားပြည်နယ်တွေမှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်၊၊