တူကီယဲနိုင်ငံအလယ်ပိုင်း Eskisehir ပြည်နယ်မှာ ဇူလိုင် ၂၃ ရက်က တောမီးငြှိမ်းသတ်ဖို့ ကြိုးပမ်းနေတဲ့ မီးသတ်သမား ၁၀ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့သစ်တောရေးရာဝန်ကြီး က ပြောကြားလာတာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

Eskisehir ပြည်နယ်မှာ ဇူလိုင် ၂၃ ရက်က အရှိန်မြင့်တက်နေတဲ့ တောမီးကို ထိန်းချုပ်ဖို့အတွက် မီးသတ်သမား တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက မီးငြှိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ကြတာပါ။ ဒါပေမဲ့လည်း လေတိုက်နှုန်းမြင့်မားလာပြီး တောမီးအရှိန်က ထိန်းချုပ်ဖို့ ခက်လာတာကြောင့် မီးငြှိမ်းသတ်နေစဉ်အတွင်း မီးသတ်သမား ၁၀ ယောက် သေဆုံး ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဇူလိုင် ၂၃ ရက်က ရုတ်တရက် ဦးတည်ချက်ပြောင်းလာတဲ့ လေပြင်းအတူ မီးတောက်တွေကြီးလာတာကြောင့် မီးသတ်သမား ၂၄ ယောက် တောမီးထဲမှာ ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို ကယ်ထုတ်ပြီး ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် ၁၀ ယောက် သေဆုံးခဲ့ပြီး အခြား ၁၄ ယောက်ကတော့ ဆေးကုသမှု ခံယူနေဆဲဖြစ် တယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်တရားရေးဝန်ကြီးရဲ့ ပြောကြားချက်အရ အစိုးရရှေ့နေတွေက အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဥပဒေကြောင်း အရ စုံစမ်းစစ်ဆေးတာတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ တူကီယဲနိုင်ငံအလယ်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ် ၅ ခုမှာ တောမီးတွေ လောင်ကျွမ်းဆဲဖြစ်တယ်လို့ စိုက်ပျိုးရေးနဲ့သစ်တောရေးရာဝန်ကြီး က ပြောကြားထားပါတယ်။




