အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ်မှာ ရေကြီးရေလျှံတာနဲ့ နှင်းမုန်တိုင်း တိုက်ခတ်တာကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့တယ်လို့ NBC သတင်းမှာ ရေးသားထားပါတယ်။ လက်ရှိမှာလည်း ပြည်နယ်အတွင်းက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်တဲ့ နှင်းမုန်တိုင်းနဲ့ ကြုံနေရတယ်လို့ အုပ်ချုပ်ရေးမှူး အန်ဒီ ဘီရှီးယားက ပြောပါတယ်။

စနေနေ့က ကန်တပ်ကီပြည်နယ်နဲ့ အနီးတစ်ဝိုက်က ပြည်နယ်အားလုံးနီးပါးမှာ ရေလွှမ်းမိုးတာတွေ ဖြစ်ပွားခဲ့ပြီး နောက် ရှာဖွေရေးအဖွဲ့တွေဟာ ကယ်ဆယ်ရေးမစ်ရှင် ၁,၀၀၀ ကျော်ကို လုပ်ဆောင်ခဲ့ရပါတယ်။ နှင်းမုန်တိုင်း သက်ရောက်မှု မပြီးပြတ်သေးကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပြီး သေဆုံးအရေအတွက်လည်း တိုးလာ နိုင်တယ်လို့ ဆိုပါတယ်။

ပြည်နယ်ရဲ့ တချို့နေရာတွေမှာ မိုးရေချိန် ၈ လက်မကျော် ရွာသွန်းခဲ့ပြီး လမ်းတွေပေါ် မှာလည်း ဆီးနှင်းတွေက ၆ လက်မအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နှင်းမုန်တိုင်းကြောင့် လူရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၄,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဘီရှီးယားက ပြောပါတယ်။