မန္တလေး၊ ပဲခူးအပါအဝင် ဒေသတချို့မှာ ဇွန် ၂၂ ရက်နဲ့ ၂၃ ရက်မှာ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊ဇွန် ၂၃ ရက်၊ မနက်ပိုင်းက ပြည်မြို့ရဲ့ အရှေ့ဘက်(၉)မိုင်ခန့်အကွာ အနက် ၁၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာပါ။

အလားတူ ဇွန်လ ၂၂ ရက် ညနေပိုင်းကလည်း ပုသိမ်ကြီးမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် (၇)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်၊ သာဝတ္ထိမြို့ရဲ့ အရှေ့ဘက် (၃၁) မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၂ အဆင့်နဲ့ လွိုင်ကော်မြို့ရဲ့ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာ ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ အဆင့်ရှိ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးမြေငလျင်ကြီးနဲ့ နောက်ဆက်တွဲမြေငလျင်တွေ လှုပ်ခတ်မှုဟာ ဇွန်လ(၂၃)ရက် မနက်ပိုင်းအထိ (၁၉၄)ကြိမ်အထိရှိပြီ ဖြစ်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။




