မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ ဇူလိုင် ၁၆ ရက် မနက်ပိုင်းက ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊ ငလျင်လှုပ်ခတ်မှုတွေကတော့ ဇူလိုင် ၁၆ ရက်၊ မနက် ၃ နာရီ ၂၇ မိနစ်ကျော်လောက်က ပြည်ကြီးတံခွန်မြို့ရဲ့ အရှေ့တောင်ဘက် (၄)မိုင်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်နဲ့ ဇူလိုင် ၁၆ ရက်၊ မနက် ၇ နာရီ ၅၂ မိနစ်ကျော်လောက်က မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် (၇)မိုင်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၄ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တွေ လှုပ်ခတ်သွားခဲ့တာပါ။

မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုတွေဟာ အနည်းဆုံး ၁ နှစ်ကျော် ၂ နှစ် လောက်အထိ လှုပ်ခတ်နေနိုင်သေးတယ်လို့ မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်၊၊ ဇူလိုင် ၁၆ ရက် မနက်ပိုင်းက မြေငလျင်လှုပ်ခတ်မှုတွေကို မန္တလေးမြို့မှာ နေထိုင်တဲ့ ဒေသခံတွေက သိသိသာသာ ခံစားခဲ့ရပြီး မြို့ခံတချို့ လမ်းမပေါ်ကို ပြေးထွက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက်အစောပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်က တော်တော်ကြမ်းပြီး သိသိသာသာခံစားခဲ့ရတယ်။

ပြည်သူတွေ အနေနဲ့လည်း ဂရုစိုက်နေထိုင်သင့်တယ်လို့ မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး)က တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်၊၊ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကလည်း မန္တလေးတိုင်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တွေက မြို့တချို့မှာ ငလျင် ၆ ကြိမ် လှုပ်ခတ်ခဲ့ပါသေးတယ်။လက်ရှိမှာတော့ မန္တလေးမြေငလျင်ကြီး အပါအဝင် နောက်ဆက်တွဲ မြေငလျင်ငယ် လှုပ်ခတ်မှုဟာ ဇူလိုင် ၁၆ ရက် မနက်ပိုင်းအထိ ၂၀၆ ကြိမ် ရှိပြီဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။