ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမား စီရင်စု တိုကာရာကျွန်းစုမှာ ငလျင်အကြိမ် ၁၆၀၀ ကျော် လှုပ်ခတ်မှု ရှိတယ်လို NHK သတင်းဌာနက ထုတ်ပြန်ထားပါတယ်။အဲဒီကျွန်းစုမှာ ပါဝင်တဲ့ အာကုဆဲ ကီဂျီးမားကျွန်း နဲ့ ကိုဒါကာရာ ဂျီးမားကျွန်းတွေမှာ ဇွန် ၂၁ ရက်ကတည်းက ငလျင်လှုပ်ခတ်မှုတွေ ခပ်စိတ်စိတ်ရှိနေတာ ဖြစ်ပါတယ်။

အာကုဆဲ ကီဂျီးမားကျွန်းမှာ ပြင်းအား ၆ အောက်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ထားတာရှိပြီး ဒါဟာ လတ်တလော လှုပ်ခတ်မှုတွေထဲမှာ အားအပြင်းဆုံးဖြစ်ပါတယ်။အာကုဆဲ ကီဂျီးမားကျွန်းမှာ အခုရက်ပိုင်းအတွင်း ပြင်းအား ၅ ဝန်းကျင်ရှိတဲ့ငလျင်တွေလှုပ်ခတ်မှုရှိနေပြီး ဇူလိုင် ၈ ရက်၊ မနက် ၄ နာရီတိုင်းတာချက်အရ ပြင်းအား ၁ ဝန်းကျင်ရှိတဲ့ ငလျင်ပေါင်း ၁၆၆၃ ကြိမ် လှုပ်ခတ်သွားတယ်လို သိရပါတယ်။

ဒီဒေသမှာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း ငလျင်လှုပ်ခတ်မှုတွေကြုံရပေမဲ့ အခုအချိန်မှာ လှုပ်ခတ်မှု အများဆုံး ရှိနေတာ ဖြစ်ပါတယ်။လတ်တလောမှာတော့ ဂျပန်မိုးလေဝသအေဂျင်စီက ပြင်းအား ၆ ဝန်းကျင်ရှိတဲ့ငလျင်တွေအတွက် သတိထားကြဖို တိုက်တွန်းထားပါတယ်။



