မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည်နယ်တွေမှာ ဇူလိုင် ၁၄ ရက် မနက်ပိုင်းက တစ်မနက်တည်း ငလျင် ၄ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊ငလျင်လှုပ်ခတ်မှုတွေကတော့ ဇူလိုင် ၁၄ ရက်၊ မနက် ၁ နာရီ မိနစ် ၄၀ ကျော်မှာ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် (၁၇)မိုင်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၃ ဒသမ ၈ အဆင့်နဲ့ ဇူလိုင် ၁၄ ရက်၊ မနက် ၄ နာရီကျော်မှာ မတ္တရာမြို့ရဲ့ မြောက်ဘက် (၈)မိုင်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်သွားခဲ့ပါတယ်။

အဲဒီအပြင် ဇူလိုင် ၁၄ ရက်၊ မနက် ၃ နာရီခွဲကျော်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ရဲ့ တောင်-အရှေ့တောက် ဘက် (၂၂) မိုင်ခန့်အကွာ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ အဆင့်နဲ့ ဇူလိုင် ၁၄ ရက်၊ မနက် ၇ နာရီကျော်မှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့ရဲ့ အနောက်မြောက်ဘက်(၁၁)မိုင်အကွာ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၄ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်သွားခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ မန္တလေးမြေငလျင်ကြီး အပါအဝင် နောက်ဆက်တွဲမြေငလျင်ငယ် လှုပ်ခတ်မှုဟာ ဇူလိုင် (၁၄)ရက် မနက်ပိုင်းအထိ အကြိမ် ၂၀၀ ကျော် ရှိပြီ ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန် ချက်တွေအရ သိရပါတယ်။




