ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး ရွှေကျင်မြစ်ရေ မြင့်တက်လာတာကြောင့် ဇူလိုင် ၂၉ ရက်အထိ လူဦးရေ ခြောက်ထောင်နီးပါး ယာယီရေဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေထိုင်နေရတယ်လို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ကနေ သိရပါတယ်။
မြစ်ရေမြင့်တက်မှုကြောင့် ရွှေကျင်မြို့နယ်အတွင်းက စာသင်ကျောင်း ၃၇ ကျောင်းကိုလည်း ယာယီပိတ်ထားရတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ ရေဘေးသင့်အိမ်ထောင်စုတွေကို ယာယီရေဘေးရှောင်စခန်းတွေမှာ နေရာချထားပေးပြီး ကူညီကယ်ဆယ်ရေးနဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေ ထောက်ပံ့တာကို မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့နဲ့ ဌာနဆိုင်ရာ အလှူရှင်တွေ ပူးပေါင်းပြီး ထောက်ပံ့လှူဒါန်းပေးနေတယ်လို့လည်း သိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၂၉ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက်တွေအရ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာအထက်ကျော်လွန်နေပြီး ၈၁၆ စင်တီမီတာကို ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ပေမဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိ နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။