မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ဘီးလင်းမြစ်ရေ မြင့်တက်လာတာကြောင့် ရပ်ကွက်တွေအတွင်းက နေအိမ်တွေနဲ့ ကားလမ်းမတွေပေါ် ရေကျော်ဝင်ရောက်မှု ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
ဘီးလင်းမြစ်ရေ ဝင်ရောက်ခဲ့တာတွေကတော့ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ဘိုးလှကြီး ရပ်ကွက်၊ တောင်ကလေးကျေးရွာနဲ့ အဝန်းကြီး ကျေးရွာအကြား ရန်ကုန်- မော်လ မြိုင် ပြည်ထောင်စုကားလမ်းမတွေပေါ် ရေကျော်ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ရေဝင်ရောက်ခဲ့တဲ့ ရပ်ကွက်တွေအတွင်းက နေအိမ်တွေကိုတော့ ဘီးလင်းမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ရေကျော်မှုဖြစ်ပွားခဲ့တဲ့ လမ်းမတွေပေါ်မှာတော့ ယာဉ်ကြီး၊ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာမှုကို ယာယီ ပိတ်ထားပြီး အန္တရာယ်ကင်းစေရေးအတွက်လည်း ဘီးလင်း တပ်နယ်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်၊၊
မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၂၆ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းတာရရှိတဲ့ မြစ်ရေ အခြေအနေတွေကတော့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမှာ စိုးရိမ်ရေမှတ်အထက် ၈၅ စင်တီမီတာ ကျော်လွန် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၂ ပေခွဲခန့် မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိ နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။