မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဧရိယာအကျယ်ဝန်း ဧက ၉၀၀၀ ကျော်ရှိတဲ့ နယ်မြေကို ကဏန်းကျွန်း ဒီရေ တော ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီဌာနက ဇန်နဝါရီ ၉ ရက်က ထုတ်ပြန်ပါတယ်။
ကဏန်းကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်တာကြောင့် ဒီရေတောအဓိကသစ်မျိုးတွေဖြစ်တဲ့ သမဲ့၊ ကန့်ပလာ၊ ဓနိ စတဲ့ ဒီရေတောသစ်ပင်တွေကို ထိန်းသိမ်းနိုင်မယ့်အပြင် ဗြူးခြေထောက်၊ ဗြူးကြက်တက်၊ နှံဗြူး၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ ကန့်ပလာ စတဲ့ သစ်မျိုးစိတ်တွေနဲ့ စိုက်ပျိုးတည်ထောင်ထားတဲ့ ဒီရေတော စိုက်ခင်းတွေကိုပါ ထိန်းသိမ်းကာကွယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်၊၊
အဲဒီအပြင် သား၊ ငါး၊ ကဏန်း၊ ပုဇွန်တွေ ရှင်သန်ပေါက်ပွားရာ ဂေဟစနစ်ပိုမိုကောင်းမွန်လာစေတာ၊ ဒေသခံ ပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်တာ၊ ဒီရေတောတွေရဲ့ အဏ္ဏဝါ ဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါတဲ့ ဂေဟစနစ်တစ်ခုဖြစ်တာ၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်တာ၊ မြေတိုက် စားမှုနဲ့ ကမ်းပါးပြိုမှုတွေ စတဲ့ သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။